ခန္ဓာကိုယ်ထဲမှာ အူတွေက ဘယ်လို အလုပ်လုပ်ကြသလဲ
အစာခြေစနစ်ဆိုတာ ကုန်ထုတ်လုပ်တဲ့ စက်ရုံတစ်ရုံ အလုပ်လုပ်ပုံနဲ့ တူတယ်ဆိုတာ သိပြီးကြပြီလား?
အူတွေဟာ…
- အစာခြေတာ
- ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဟော်မုန်းတွေ၊ ဗိုက်တာမင်တွေ ထုတ်လုပ်ပေးတာ
- ရောဂါပိုးမွှားတွေကို တိုက်ခိုက်တဲ့နေရာမှာ ပါဝင်တာနဲ့
- ခန္ဓာကိုယ်ရဲ့ ရေဓာတ်ကို ထိန်းညှိပေးတာ စတာတွေကို လုပ်ဆောင်ပေးပါတယ်။
အူသိမ်ရဲ့တာဝန်…
- အူသိမ်တွေဟာ ပေ ၂၀ ခန့်ရှည်လျားပြီး တစ်လက်မခန့် အကျယ်ရှိပါတယ်။ အူသိမ်မှာ Duodenum, Jejunum နဲ့ ileum လို့ခေါ်တဲ့ အပိုင်းသုံးပိုင်းပါဝင်ပြီး အစာအိမ်နဲ့ အူမကြီးရဲ့ကြားမှာ တည်ရှိပါတယ်။
- အူသိမ်မှာရှိတဲ့ ကြွက်သားတွေဟာ အစာအိမ်ကနေ ခြေဖျက်လာတဲ့ အစာတွေကို သည်းခြေအိတ်၊ မုန့်ချိုအိတ်နဲ့ အူထဲက အစာခြေရည်တွေနဲ့ ရောနှောသွားစေပြီး နောက်ထပ် အစာခြေအဆင့်တွေ လုပ်ဆောင်ဖို့အတွက် အဲဒီအရောအနှောကို ရှေ့ကိုတွန်းထုတ်ပေးပြီး အူမကြီးထဲသို့ ပို့ဆောင်ပေးပါတယ်။
- အူသိမ်ထဲက သဘာဝအတိုင်းရှိနေတဲ့ လူကိုဘေးဥပါဒ်မပေးတဲ့ ဘက်တီးရီးယားတွေဟာ အစာခြေဖျက်ရာမှာ ကူညီအားဖြည့်ပေးမယ့် အင်ဇိုင်းတွေထပ်မံထုတ်ပေးကြပါတယ်။
- အင်ဇိုင်းတွေဟာ ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်းနဲ့ အဆီတွေကို ခြေဖျက်ပေးပြီး ခြေဖျက်ထားတာတွေထဲက သကြား၊ အမိုင်နိုအက်ဆစ်၊ fatty acids နဲ့ ဗိုက်တာမင်၊ ဆား၊ ရေတို့ကို အူသိမ်နံရံများက ပြန်လည်စုပ်ယူပါတယ်။
- အူသိမ်ကနေ ဟော်မုန်းတချို့ကိုလည်း ထုတ်ပေးပြီး အဲဒီဟော်မုန်းတွေက သည်းခြေအိတ်နဲ့ မုန့်ချိုအိတ်က အစာခြေရည်ထုတ်ပေးခြင်းကို ကူညီပေးပါတယ်။
အူမကြီးရဲ့ တာဝန်….
- အူမကြီးဟာ အူသိမ်နဲ့ စအို (anus) ကြားမှာ တည်ရှိပြီး ၅ ပေခန့် ရှည်ကာ ၃လက်မခန့် အကျယ်ရှိကာ Colon, Caecum, Appendix နဲ့ Rectum တို့ပါဝင်ပါတယ်။
- အူမကြီးထဲက သဘာဝအတိုင်း ရှိနေတဲ့ သန်းပေါင်းများစွာသော ဘက်တီးရီးယားတွေဟာ အစာထဲက ပရိုတင်းများကို ထပ်မံခြေဖျက်ပေးသလို ဗိုက်တာမင်ဘီနဲ့ ကေကိုလဲ ထုတ်လုပ်ပါသေးတယ်။
- အူမကြီးထဲမှာ နောက်ဆုံးအစာခြေအဆင့်ကို ပြုလုပ်ပြီး စွန့်ပစ်ပစ္စည်းတွေဖြစ်တဲ့ မခြေဖျက်နိုင်တဲ့ အစာတွေ၊ ရေ နဲ့ အစာအိမ်နံရံက ဆဲလ်အသေတွေ ရလာပါတယ်။
- အူမကြီးဟာ အဲဒီစွန့်ပစ်ပစ္စည်းတွေထဲကနေ ရေနဲ့ဆားကိုပြန်လည်စုပ်ယူပြီး stool လို့ခေါ်တဲ့ မစင်အဖြစ်ကို ပြောင်းလိုက်ပါတယ်။ peristalsis လို့ခေါ်တဲ့ အူရဲ့လှုပ်ရှားမှုကတဆင့် မစင်တွေကို အစာဟောင်းအိမ် (rectum) ပို့ပေးပြီး နောက်ဆုံးမှာ စအိုကနေ အညစ်အကြေးအဖြစ် စွန့်ထုတ်တာပါ။ မစင်တွေက အစာဟောင်းအိမ်ထဲကို ဝင်လာတဲ့အချိန်မှာ ဝမ်းသွားချင်စိတ်ကို ဖြစ်စေပါတယ်။